ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ဘူဆန်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ တွေ့မယ်
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုရီးယားနိုင်ငံလေးရက်ကြာ ခရီးစဉ်ကို နိုဝင်ဘာ ၂၄ ရက်မှာ စတင်လိုက်ပြီး ခရီးစဉ်အတွင်း MoU ၃ ခု လက်မှတ်ထိုးဖို့ရှိတယ်လို့ ဒီခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကိုပြောပါတယ်။
"ကျွန်တော်တို့နှစ်နိုင်ငံဆက်ဆံရေးရယ်၊ လက်ရှိမြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့စီမံကိန်းတွေနဲ့ နောက်ထပ်ဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိပါတယ်။ ခရီးစဉ်အတွင်း Fishery ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုရယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍရယ်၊ အသက်မွေးဝမ်းကျောင်းပညာနဲ့ ပတ်သက်ပြီး တော့ ကိုရီးယားမြန်မာပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ ၃ ခု လက်မှတ်ရေးထိုးဖို့ရှိပါတယ်" လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်းရဲ့ ဖိတ်ကြားချက်အရ အာဆီယံကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်း အမှတ် ထိပ်သီး အစည်းအဝေးနဲ့ ပထမအကြိမ် မဲခေါင်ကိုရီးယား ထိပ်သီးအစည်းအဝေးတွေတက်ရောက်ဖို့ ဘူဆန်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
အတိုင်ပင်ခံဟာ နိုဝင်ဘာ ၂၅ ရက်မှာ အာဆီယံနဲ့ ကိုရီးယားသမ္မတနိုင်ငံက အမှုဆောင် အရာရှိချုပ် တွေတက်ရောက်တဲ့ CEO summit မှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီခရီးစဉ် အတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ နိုဝင်ဘာ ၂၆ ရက်ညနေပိုင်းမှာ သီးသန့်တွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU ၃ ခု လက်မှတ်ရေးထိုးဖို့ရှိနေတာဖြစ်ပါတယ်။
ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်လာရောက်ထားပြီး နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ ၁၀ ခု လက်မှတ် ရေးထိုးခဲ့ပါတယ်။
အဲဒီစာချွန်လွှာတွေထဲမှာ ဒလတံတားစီမံကိန်း၊ ကမ်းလွန်စီမံကိန်း၊ စက်မှု လက်မှု လုပ်ငန်း၊ ဆောက်လုပ် ရေး၊ နည်းပညာ၊ ဘဏ်လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှု စတဲ့ကဏ္ဍတွေပါဝင်ပါတယ်။ အဲဒီတုန်းက သဘောတူ ဆွေးနွေးခဲ့တာတွေကိုလည်း နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှုမှာ ပြန်သုံးသပ်ဆွေးနွေးကြဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယခု ကိုရီးယားသမ္မတနိုင်ငံခရီးစဉ်က မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးတွေရှိတယ်လို့ ဦးအောင်ကိုက ပြောပါတယ်။
"ကိုးရီးယားနဲ့မြန်မာက ပူးပေါင်းဆောင်ရွက်မှုတွေအများအပြားရှိပါတယ်။ ဒါတွေကို ဆက်ပြီးတော့ အရှိန်အဟုန်မြှင့်တင်သွားဖို့ အားဖြည့်တဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အာဆီယံနိုင်ငံတွေအပါအဝင် မဲခေါင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့စီမံကိန်းတွေ၊ အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွေမှာ ဆွေးနွေးမယ့် ထိပ်သီးအစည်းအဝေးလည်းဖြစ်တော့ ချစ်ကြည်ရင်းနှီးမှုတွေပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး အရှိန်အဟုန်မြှင့်တင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ သူကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လေးရက်တာသူ့ခရီးစဉ်အတွင်း အစည်းအဝေးတွေတက်ရောက်တာအပြင် တောင်ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းနဲ့ နိုဝင်ဘာ ၂၇ ရက်မှာတွေ့ဆုံဖို့ရှိနေပါတယ်။
အတိုင်ပင်ခံနဲ့ ကိုရီးယားရောက်မြန်မာတွေ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၇ ရက် မွန်းလွဲတစ်နာရီခွဲမှာ ဘူဆန်ခရိုင်အုပ်ချုပ်ရေးမှူးရုံးက မြို့တော်ဝန်ခန်းမမှာ ပြုလုပ်မှာဖြစ်တယ်လို့ မြန်မာအလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းတင်က ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့ တွေ့ဆုံပွဲရက်က အလုပ်ဖွင့်ရက်ဖြစ်တာရယ်၊ ဘူဆန်မြို့မှာ ပြုလုပ်မှာဖြစ်လို့ အဲဒီနား အနီးတစ်ဝိုက် က အလုပ်သမားတွေပဲ လာနိုင်မှာဖြစ်ပြီး သူတို့ကို ကိုရီးယားအာဏာပိုင်တွေဘက်က လုံခြုံရေးအရ နိုင်ငံခြားသား မှတ်ပုံတင်ကတ်ပြားတွေ စစ်ဆေးဖို့ရှိတယ်လို့ သူက ပြောပါတယ်။
ဒီပွဲမှာ မြန်မာလုပ်သားတွေအရေးနဲ့ပတ်သက်လို့ သံအရာရှိက အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြဖို့ ရှိနေပါတယ်။
"နံပါတ်တစ်က ဘာသာစကားအားနည်းမှုတွေကြောင့် လုပ်ငန်းခွင်တွေမှာ နားလည်မှုတွေလွဲပြီးတော့ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်နေတာရှိပါတယ်။ ဒုတိယတစ်ချက်ကတော့လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု၊ အလုပ်သမားတွေရဲ့ ကျန်းမာရေးအခြေအနေပေါ့။ ကျန်တာကတော့ ဒီမှာလည်း ဥပဒေတွေက strong (ခိုင်မာ) ဖြစ်တဲ့အတွက် အလုပ်သမားဥပဒေနဲ့ပတ်သက်ပြီးသူတို့ရသင့်ရထိုက်တဲ့ဟာတွေတော့ အပြည့်အဝရကြပါတယ်။ အလုပ်သမားတွေနဲ့ အတိုင်ပင်ခံကြီးနဲ့ လွတ်လွတ်လပ်လပ်ဆွေးနွေးတာမျိုး လုပ်မှာပါ" လို့ ဦးဇေယျာတင်ဝင်းတင်က ပြောပါတယ်။
ကိုရီးယားမှာ ပြီးခဲ့တဲ့နှစ်က တရားမဝင် အလုပ်သမားဖမ်းဆီးရာမှာ မြန်မာအလုပ်သမား တစ်ဦး ထွက်ပြေး ရင်းက တိုက်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။ ဒါကြောင့် အခုလို ဖမ်းဆီးမှုတွေမှာ မြန်မာလုပ်သားတွေ ကို အကာအကွယ် တွေပေးဖို့ ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ကိုရီးယားအစိုးရအာဏပိုင်တွေကို စည်းမျဉ်းစည်းကမ်းနဲ့လုပ်ကိုင်ဖို့ တောင်းဆိုထားတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဆိုးလ်မြို့အခြေစိုက် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ သူတာဝန်ယူပြီးတဲ့နောက်ပိုင်း မိမိကိုယ်ကိုယ်အဆုံးစီရင်တဲ့မြန်မာလုပ်သားနှစ်ဦး အမှုရှိခဲ့ပြီး ဒါက အလုပ်ဖိအားနဲ့မသက်ဆိုင်ဘဲ မိသားစု ပြဿနာကြောင့်သာဖြစ်တယ်လို့ ဦးဇေယျာတင်ဝင်းတင်က ရှင်းပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုရီးယားသမ္မတနိုင်ငံကို ၂၀၁၃ ခုနှစ်က အတိုက်အခံခေါင်းဆောင်အဖြစ်နဲ့ ကမ္ဘာ့အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲဖွင့်ပွဲတက်ရောက်ဖို့ သွားရောက်ခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် သွားရောက်တာက ဒီတစ်ကြိမ် ပထမဆုံးလည်းဖြစ်ပါတယ်။