ဝန်ကြီးဌာန နှစ်ခုကို ပေါင်းမယ်

ရေးသားခဲ့သည်။

စက်မှုဝန်ကြီးဌာနနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်း ပြီး ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ဖွဲ့စည်းဖို့ လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့ လွှတ်တော်မှာ အစိုးရဘက်က လာရှင်းဖို့ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်က ဘီဘီစီ ကိုပြောပါတယ် ။

ဒီလိုဖွဲ့စည်းမယ့်အကြောင်းကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို သမ္မတ က တာဝန်ပေးထားခဲ့တဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လာရောက်ရှင်းလင်းတင်ပြမယ် လို့လည်း ပြည်ထောင်စုလွှတ်တော်ရဲ့ လျာထားအစီအစဉ်မှာ ဖော်ပြထားပါတယ်။

စက်မှုဝန်ကြီးဌာနနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ကိုပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှု ဝန်ကြီး ဌာနဆိုပြီး ပြင်ဆင်ဖွဲ့စည်းမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကတော့ စက်မှုဝန်ကြီး ဦးခင်မောင်ချိုဟာ ရာထူးကနေနုတ်ထွက်ခဲ့ပြီးသူ့နေရာကို လက်ရှိ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးစိုးဝင်းက တွဲပြီးတာဝန် ယူထားပါတယ်။

ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လွဲမှားခဲ့တဲ့ အတွက် စက်မှုဝန်ကြီး ဦးခင်မောင်ချို နုတ်ထွက်စာ တင်ခဲ့ရတာ ဖြစ်တယ်လို့ သမ္မတ ရုံးက သြဂုတ်လတုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဆီကို ဦးခင်မောင်ချိုနဲ့ ပတ်သက်တဲ့ တိုင်စာတစ်စောင် ရောက်ရှိခဲ့တဲ့နောက် ဝန်ကြီး အဆင့် ၃ ဦးပါ အဖွဲ့ဖွဲ့ပြီး အချိန်ယူ စုံစမ်းခဲ့တယ်လို့ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

ဦးခင်မောင်ချို အနေနဲ့ ရုံးပိုင်း လုပ်ထုံးလုပ်နည်း လွဲမှား ဆောင်ရွက်ခဲ့တယ် ဆိုပြီး အဲဒီ စုံစမ်းရေး အဖွဲ့ရဲ့ တွေ့ရှိချက် ထွက်လာခဲ့ပြီး နုတ်ထွက်စာတင်ရတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။

စက်မှုဝန်ကြီးဌာနဟာ လုပ်ငန်းအတော်များများ အရှုံးပေါ် နေတာတွေ ရှိတယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

နေပြည်တော် သတင်းရင်းမြစ်တွေရဲ့ အဆိုအရ BPI ဆေးဝါးစက်ရုံနဲ့ မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဦးခင်မောင်ချို တိုင်ကြား ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ စက်မှုဝန်ကြီးဌာနက စက်ရုံနဲ့ စက်ပစ္စည်းတွေကို စီမံဘဏ္ဍာဝန်ကြီး ဌာနက ထိန်းသိမ်းကိုင်တွယ်နေပြီးတော့ စက်ရုံနဲ့ စက်ပစ္စည်းတွေ ပုဂ္ဂလိကပိုင် လုပ်ပြီးထုခွဲရောင်းချဖို့ အတွက် ပုဂ္ဂလိနဲ့ ဖက်စပ်လုပ်နေတဲ့ လုပ်ငန်းတွေကို လည်း ပြန်လည်စိစစ်လုပ်ကိုင်ဖို့ အခုလို ပူးပေါင်းလိုက်တာ ဖြစ်နိုင်တယ်လို့လည်း စိုင်းသီဟကျော်က ပြောပါတယ် ။

ဩဂုတ်လတုန်းကတော့ လူငယ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မင်းရဲပိုင်ဟိန်းကို စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။

အစိုးရ သက်တမ်း ကတစ်နှစ်လောက် ပဲကျန်တော့တဲ့ အချိန်မှာ ဝန်ကြီးဌာန နှစ်ခု အခုလို ပူးပေါင်းတာ ဟာ ရည်ရွယ်ချက် ကောင်းပေမယ့် အချိန်က သိပ်မရှိတော့ဘူးလို့လည်း စိုင်းသီဟကျော်က ပြောပါတယ် ။

အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတအနေနဲ့ အစိုးရ ဖွဲ့တဲ့ အခါ အစိုးရအဖွဲ့ဝင်တွေရော ဝန်ကြီးဌာနတွေကို ရော ဖွဲ့ စည်းပြီးရင် လွှတ်တော်ကို လာရှင်းပြပြီး သဘောထား ယူရပါတယ် ။

အခုလို ဝန်ကြီးဌာန နှစ်ခုပေါင်းရင်လည်း သမ္မတက တာဝန်ပေးတဲ့သူက လွှတ်တော်ကို ရှင်းလင်းတင်ပြဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒီအဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့လိုရင် ဆွေးနွေးရမှာ ဖြစ် ပြီး သဘောမတူတာရှိရင် မဲခွဲရမှာ ဖြစ်ပါတယ်။

အခု ဒီအဆိုကတော့ သိပ်ပြီး ထူးထူးခြားခြားဆွေးနွေးဖို့ရာ အကြောင်းမရှိနိုင်ဘူးလို့လည်း စိုင်းသီဟကျော်က ပြောပါတယ်။