တပ်နဲ့ အစိုးရ RCSS နဲ့ တွေ့ဖို့ ပြန်စီစဉ်

ရေးသားခဲ့သည်။

အပစ်ရပ် လက်မှတ်ထိုး NCA လေးနှစ်ပြည့်ပွဲ မတက်ရောက်ဖြစ်ခဲ့တဲ့ RCSS အဖွဲ့ရဲ့ ဌာနချုပ်ကို အစိုးရ ကိုယ်စားလှယ်တွေ သွားရောက်ဖို့ ညှိနှိုင်းနေတယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်း ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

NCA နှစ်ပတ်လည်ပွဲကို တက်ရောက်ပြီး အစိုးရနဲ့ တွေ့ဖို့ စီစဉ်ထားခဲ့ပေမဲ့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ အဖွဲ့ နေပြည်တော်လာမယ့် ခရီးစဉ် လမ်းကြောင်း တပ်မတော်နဲ့ ညှိနှိုင်းမရခဲ့လို့ ခရီးစဉ်ပျက်ခဲ့ပါတယ်။

အဲဒီနောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA ဌာနချုပ်ကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ သွားရောက်ဖို့ ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

ခရီးစဉ် ပျက်သွားခဲ့တဲ့နောက် နှစ်ဖက် တင်းမာမှုတွေ ရှိခဲ့ရာက အခုတော့ RCSS ရဲ့ဌာနချုပ် လွယ်တိုင်းလျဲန်း သွားရောက်ဖို့ စီစဉ်နေတဲ့အထိ အခြေအနေ တိုးတက်လာတာလည်း ဖြစ် ပါတယ်။

RCSS နဲ့ တိုင်းရင်းသားအဖွဲ့တွေ တုံ့ပြန်မှု

ဒီလိုတွေ့ဆုံဖို့ အစိုးရဘက်က ကမ်းလှမ်းလာတယ်လို့ သိရပြီး ဒီကမ်းလှမ်းချက်အပေါ် ကြိုဆိုတယ်လို့ RCSS အဖွဲ့ရဲ့အကြံပေး ဦးခွန်စိုင်းက ဘီဘီစီကို ပြောပါတယ်။

တွေ့ဆုံမယ့်ရက်ကို မသတ်မှတ်ရသေးပေမယ့် ငြိမ်းချမ်းရေးကော်မရှင်နဲ့ တပ်မတော်ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံရေး ခရီးစဉ်သာ ဖြစ်မြောက်ခဲ့ရင် ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတွေ အခြေအနေ ကောင်းလာနိုင်တယ်လို့ ပြောပါတယ်။

"သူတို့လာတယ် ဆိုတာတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ရက်ကတော့ မသတ်မှတ်ရသေးဘူး။ အားလုံး အဘက်ဘက်ကတော့ ဖြစ်သွားတဲ့ ကိစ္စအပေါ်မှာ ပြန်ပြီးတော့ ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတယ် ဆိုတာတော့ သေချာပါတယ်" လို့ ပြောပါတယ်။

"ဒီတစ်ခေါက် ပြန်ဖြစ်မယ်ဆိုရင်တော့ မျှော်လင့်ထားတာကတော့ အဘက်ဘက် နားလည်မှု လွဲတာတွေ အကုန်လုံးကလည်း ပြန်ပြီးတော့မှ နားလည်မှု ရှိလာပြီးတော့မှ ငြိမ်းချမ်းရေး ဖြစ်စဉ်ကလည်း ရှေ့တိုးတက် သွားမယ်လို့ ထင်ပါတယ်"လို့ သူက ပြောပါတယ်။

RCSS ဥက္ကဋ္ဌ ခရီးစဉ်ပျက်ရတာဟာ အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ခံယူပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ကိုယ်တိုင် ဒီခရီးစဉ်ကို ဦးဆောင် သွားရောက်ညှိနှိုင်းဖို့ စီစဉ်နေတယ်လို့ အပစ်ရပ်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပအိုဝ်းအဖွဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒီခရီးစဉ်မှာ တပ်မတော်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့် လိုက်ပါနိုင်ဖို့ အစိုးရနဲ့ အပစ်ရပ် အဖွဲ့တွေက တပ်မတော်ဘက်ကို ဝိုင်းဝန်းတိုက်တွန်းနေတယ်လို့လည်း သူက ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ အပစ်ရပ်အဖွဲ့ ခေါင်းဆောင်တွေ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ယာယီခေါင်းဆောင်လည်း ဖြစ်လို့ သူနဲ့ ပြန်ပြီး ညှိနှိုင်းနိုင်ဖို့က အရေးကြီးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစည်းအဝေး ဖြစ်မြောက်ဖို့အတွက် RCSS အဖွဲ့ထံ အစိုးရအဖွဲ့ သွားရောက်မယ့် အခုခရီးစဉ် အပေါ်မှာ မူတည်နေတယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ သူ့ခရီးစဉ် အဆင်ပြေစေဖို့ ညွှန်ကြားခဲ့တဲ့ သမ္မတရဲ့ညွှန်ကြားချက်ကို တပ်မတော်က မလိုက်နာခဲ့ဘူးလို့ ပြောကြားခဲ့ပြီး တပ်မတော်ဘက်ကတော့ သမ္မတရဲ့ အကြောင်းကြားစာကို အချိန်နီးမှ ရခဲ့တယ်လို့ ပြောကြားထားပါတယ်။

တပ်မတော် ဘယ်လို ရှေ့ဆက်ဆောင်ရွက်မလဲ

အခု RCSS ဘက်ကို သွားရောက်မယ့် ခရီးစဉ်ဟာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ဆောင်ရွက်နေတာ ဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့်ကို တာဝန် ပေးအပ်ထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"ကြားရတဲ့ သတင်းအရတော့ NRPC အနေနဲ့ တွေ့ဆုံဖို့ ဆောင်ရွက်နေတယ် ဆိုတာတော့ သိရတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တပ်မတော် ညှိနှိုင်းရေး အဖွဲ့က ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့်ကို တာဝန် ပေးအပ်ထားတာ ရှိပါတယ်" လို့ သူက ပြောပါတယ်။

"တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် NCA နှစ်ပတ်လည်နေ့ပြီး နောက်နေ့မှာ KNU အဖွဲ့နဲ့ တွေ့ခဲ့တယ်။ Signature လုပ်ထားတဲ့ ရှစ်ဖွဲ့နဲ့ တွေ့ခဲ့တယ်။ တွေ့တဲ့အခါ မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ၂၁ ရာစု ပင်လုံ နဲ့ ပတ်သက်ပြီးတော့ ကူညီနေတဲ့အကြောင်းရယ်၊ ပြီးရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်သွားမယ် ဆိုပြီး နှစ်ဖက်လုံးကို ပြောခဲ့တာ ရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လိုအပ်လာတဲ့ဟာ မှန်သမျှ NRPC နဲ့ စုပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင် အဆင့် တက်ရောက်တဲ့ အပစ်ရပ်စာချုပ် အကောင်အထည်ဖော်ရေးအစည်းအဝေးကို နိုဝင်ဘာလထဲ ကျင်းပဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းထားပါတယ်။