ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗလီနဲ့ စာသင်ကျောင်း ၆၄ လုံးပြန်ဖွင့်ဖို့ စာပို့ထားပြီ၊ နောက်ထပ် ပို့ဖို့ ၇၀ ကျန်နေသေးအပါအဝင်မနက်ခင်းသတင်းများ
ဗလီနဲ့ စာသင်ကျောင်း ၆၄ လုံးပြန်ဖွင့်ဖို့ စာပို့ထားပြီ၊ နောက်ထပ် ပို့ဖို့ ၇၀ ကျန်နေသေး
မြန်မာနိုင်ငံအနှံ့အပြားမှာ ပိတ်ခံထားရတဲ့ ဗလီတွေနဲ့ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းပေါင်း ၆၄လုံး ကိုအမြန်ဆုံးပြန်ဖွင့်ပေးဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို အောက်တိုဘာ ၂၀ရက်နေ့မှာ စာပေးပို့တောင်းဆိုးထားတယ်လို့ ပြန်လည်ဖွင့်လှစ်ရေးကော်မတီ (ယာယီ) ကော်မတီရဲ့ ပြောခွင့်ရသူ ဦးမောင်မောင်မြင့်က အောက်တိုဘာ ၂၂ရက်နေ့မှာ ဘီဘီစီကိုပြောပါတယ်။
အောက်တိုဘာ ၂၀ရက်နေ့ကပို့ခဲ့တဲ့စာရင်းတွေထဲမှာ ရန်ကုန်နဲ့ မန္တလေးတိုင်းထဲက ပိတ်ခံထားရတဲ့ ဗလီနဲ့ ဘာသာရေးစာသင်ကျောင်းတွေအများဆုံးပါတယ်လို့ သူကဆိုပါတယ်။
ဒါအပြင့် အောက်တိုဘာလကုန်မှာလည်း ထပ်မံရရှိထားပြီးတဲ့ ဗလီနဲ့ စာသင်ကျောင်းပေါင်း ၇၀ လောက်ကို ထပ်မံပေးပို့ပြီး အမြန်ဆုံးပြန်ဖွင့်ပေးဖို့တောင်းဆိုမယ်လို့ သိရပါတယ်။
ထပ်မံပေးပို့တောင်းဆိုမယ့် စာရင်းတွေထဲမှာတော့ ပဲခူးတိုင်း၊ မန္တလေးတိုင်းအပြင် မြန်မာနိုင်ငံအနှံ့က အပိတ်ခံထားရတဲ့ ဗလီနဲ့ စာသင်ကျောင်းစာရင်းတွေပါဝင်တယ်လို့ ကော်မတီကနေသိရပါတယ်။
ပေးပိုးတောင်းဆိုတဲ့ စာရင်းတွေနဲ့အတူ ကော်မတီက အဲဒီလိုပိတ်ထားတာတွေကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပေးဖို့ဆိုတဲ့ စာကိုပါထည့်သွင်းတောင်းဆိုထားတယ်လို့ ဦးမောင်မောင်မြင့်ကပြောပါတယ်။
မြန်မာနိုင်ငံအအနှံ့အပြားက ဗလီတွေကို ပိတ်သိမ်းခဲ့တာ စုစုပေါင်း ၁၀၀ ကျော်အထိရှိပါတယ်။ အများစု ကတော့ ရခိုင်ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ၂၀၁၁ခုနှစ် နောက်ပိုင်းမှာ ပိတ်သိမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အခုလိုတောင်းဆိုမှုဖြစ်လာတာကလည်း ပြီးခဲ့တဲ့ လတွေအတွင်း ကာကွယ်ရေးဦးစီးချုပ်က ဘာသာ အသီးသီးက ဝတ်ပြုကျောင်းတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေစီကို လှည့်လည်သွား ရောက်ခဲ့ ရာမှတဆင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ပိတ်ခံထားရတဲ့ ဗလီတွေကို ပြန်ဖွင့်ပေးနိုင်ရေး တောင်းဆိုဖို့ အစပြုလာရတာဖြစ်တယ်လို့ ဦးမောင်မောင်မြင့်ကဆိုပါတယ်။
၁၉၉၆ခုနှစ်၊ သာသနာ့အလင်းတန်း စာစောင်ပါ အချက်အလက်အရ မြန်မာနိုင်ငံတဝှမ်းမှာ ဗလီပေါင်း ၂,၂၆၆ ခုနဲ့၊ အစ္စလာမ်ဘာသာရေးကျောင်း မက်ဒရက်ဇာ ၇၅၉ ခုအထိရှိတယ်လို့သိရပါတယ်။
အဲဒီအရေအတွက်က ၁၉၆၁ခုနှစ်မတိုင်မီအရေအတွက်ဖြစ်ပြီး အဲဒီနောက်ပိုင်းကစတင်ကာ ထပ်မံတိုးမြှင့် လာတာတော့မရှိဘူးလို့ အစ္စလာမ်ဘာသာရေးအဖွဲ့တွေကသိရပါတယ်။
ကျောင်းနေအရွယ်ကလေးတွေကို မူးယစ်စွဲအောင်လုပ်တာတွေရှိတယ်လို့ လွှတ်တော်မှာတင်ပြ
ရန်ကုန်တိုင်းအတွင်းကျောင်းတချို့က ကလေးတွေကို မူးယစ်ဆေးစွဲအောင်လုပ်ပြီး မသုံးရမနေ နိုင်တဲ့အခါမှာ ဝယ်သုံးခိုင်းတဲ့အနေ အထားတွေ ရှိနေတယ်လို့ရန်ကုန်တိုင်းလွှတ်တော်၊ ဒဂုံတောင်ပိုင်း မဲဆန္ဒနယ်အမှတ် ၁၊ ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
အခုလိုဖြစ်ရပ်မျိုးက တောင်ဒဂုံမြို့နယ်တွင်းက ကျောင်းတွေမှာ သူကိုယ်တိုင်တွေ့ခဲ့ရတဲ့ ဖြစ်ရပ်လို့ ဦးညီညီက ဘီဘီစီကို ပြောပါတယ်။
ကျောင်းသားနဲ့ အရွယ်မရောက်သေးတဲ့ လူငယ်တွေကြားမှာ မူးယစ်စိတ် ကြွဆေးပြား(WY) သုံးစွဲတာ ပပျောက်ရေးကို စီမံချက်ချမှတ်ဆောင်ရွက်ဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့ဒီအဆိုကို အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးအတွင်းမှာ မှတ်တမ်း အနေနဲ့ထားဖို့ လွှတ်တော်ဘက်က ပြောပေမယ့် လွှတ်တော်ကိုယ်စားလှယ် အများစုရဲ့ ထောက်ခံ ဆွေးနွေး မှုကြောင့် အဆိုအတည်ဖြစ်သွားခဲ့တယ်လို့ သူကပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က တင်သွင်းခဲ့တဲ့အဆိုတိုက်တွန်းချက်နဲ့ပတ်သက်ပြီး တိုင်းအစိုးရက ကျောင်း တွေမှာ စီမံချက်နဲ့ ဆောင်ရွက်နိုင်ဖို့ တိုင်းပညာရေးမှူးရုံးကတဆင့်ထပ်မံညွှန်ကြားထားတယ်လို့ သိရပါ တယ်။
ကျောင်းတွေထဲမှာ အရက်၊ ကွမ်းယာ၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုကင်းစင်ဖို့အတွက် တိုင်းစီမံချက် အနေနဲ့ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေကပြောပါတယ်။
ဇင်ဘာဘွေမှာ ရေရှားပါးလို့ အစာငတ်ပြီး ဆင်အကောင် ၅၀ကျော်ထိသေဆုံး
ပြီးခဲ့တဲ့နှစ်လလောက်ကစပြီး ရေရှားပါးမှုပြဿနာဖြစ်နေတဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ ဟွမ်အမျိုးသားဥယျာဉ် အတွင်းက အနည်းဆုံးဆင်ကောင်ရေ ၅၅ကောင်လောက် အစာရေစာပြတ်လတ်ပြီး သေဆုံးခဲ့ပါတယ်။
ဆင်တွေလည်း အစာရေစာငတ်ပြီး သေကုန်ကြပြီ၊ သေရေရှင်ရေးအခြေအနေကိုရောက်နေပြီလို့ ဇင်ဘာဘေအမျိုးသားဥယျာဉ် ပြောရေးဆိုခွင့်ရှိသူ တီနာရှီ ဖရာဝူ ကပြောပါတယ်။
အဲဒီလိုရေရှားပါးမှုကြောင့်လည်း ဇင်ဘာတွေရဲ့ ကောက်ပဲသီးနှံ့ထွက်ရှိမှုတွေကိုလည်း အကြီးအကျယ် ထိခိုက်မှုရှိနေပါတယ်။
ရေရှားပါးမှု၊ လတ်တလောဖြစ်နေတဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် လူဦးရေရဲ့ သုံးပုံတစ်ပုံလောက် လဲအစာရေစာ အထောက်အပံ့တွေလိုအပ်နေပါတယ်။
ဇင်ဘာဘွေလူဦးရေ ၂သန်းလောက်က အစာရေစာငတ်မွတ်နေကြတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ သြဂုတ်လက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။