ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နီပေါသမ္မတရဲ့ မြန်မာပြည်ချစ်ကြည်ရေး ၅ ရက်ကြာ ခရီးစဉ်အပါအဝင် မနက်ခင်းသတင်းများ
(၁) နီပေါသမ္မတ မြန်မာပြည်ကို ချစ်ကြည်ရေးခရီးစတင်
နီပေါနိုင်ငံ သမ္မတ မစ္စ်ဘီဒီယာဒေဗီ ဘန်ဒါရီဟာ အောက်တိုဘာလ ၁၆ ရက်နေ့ကစလို ၅ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။
ခရီးစဉ်အတွင်း သမ္မတဟာ နေပြည်တော်၊ ရန်ကုန်၊ ပုဂံ စတဲ့မြို့တွေကို သွားရောက်ဖို့ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကို တွေ့ဆုံမှာ ဖြစ်ပါတယ်။
တွေ့ဆုံစဉ်မှာတော့၂ နိုင်ငံကြား ကုန်သွယ်ရေးမြှင့်တင်ဖို့အရေး ဆွေးနွေးကြဖို့ရှိသလို နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးဖွယ်လည်း ရှိတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
နီပေါသမ္မတ ခရီးစဉ်မှာတော့ နီပေါနိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံခြားရေးအတွင်းဝန်၊ သမ္မတရုံးအတွင်းဝန်နဲ့ အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါလာကြပါတယ်။
(၂) ရှမ်းမြောက်နဲ့ ကချင်မှာ တိုက်ပွဲတွေဖြစ်ပြန်
ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ တိုင်းရင်းသားမြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဟာ အခုရက်ပိုင်း ခပ်စိတ်စိတ် ဖြစ်လာခဲ့ပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မှာ တပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သက်ဆိုင်ရာ နှစ်ဖက်စလုံးက အတည်ပြုပြောပါတယ်။
ကွတ်ခိုင်မြို့နယ် မန်စပ်ရွာနဲ့ နောင်ပိုက်ရွာအကြား တပ်မတော်တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ က တအာင်းတပ်မတော် တပ်ရင်း ၃၃၅ ကို လာရောက်တိုက်ခိုက်တာဖြစ်ပြီး TNLA ဘက်က ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရပြီး တပ်မတော်ဘက်ကတော့ ၃ ဦး သေဆုံး ၁ ဦး ဒဏ်ရာရတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ဘက်က အကျအဆုံးမရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။
လောလောဆယ်မှာတော့ အောက်တိုဘာလကုန်မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ တွေ့ဆုံဖို့ သဘောတူထားပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၅ ရက်နေ့တုန်းကလည်း ကချင်ပြည်နယ်၊ ဆင်ဘိုမြို့အနီးမှာ ကေအိုင်အေ တပ်ရင်း ၅ လက်အောက်ခံတပ်ဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ကေအိုင်အိုရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲသတင်းကိုကြားပေမယ့် အောက်ခြေတပ်သားတွေဆီက သတင်းအချက်အလက် မရရှိသေးဘူးလို့ ပြောပါတယ်။
မြောက်ပိုင်းအဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေအပြင် ရှမ်းပြည်နယ် မိုင်းပန်မြို့နယ် ဝမ့်ကန်ရွာဟောင်းအနီးမှာလည်း အပစ်ရပ်စာချုပ် အန်န်စီအေလက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး RCSSနဲ့ တပ်မတော်ကြား အောက်တိုဘာလ ၁၅ ရက်နေ့တုန်းက ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
(၃) အဝေးသင်တက္ကသိုလ်စာမေးပွဲဖြေဖို့ အနီးကပ် ၂ ကြိမ် တက်ရမယ်
လာမယ့် ၂၀၂၀ ပညာသင်နှစ်ကစလို့ အဝေးသင်တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကျောင်းအပ်ပြီးချိန်ကစလို့ စာမေးပွဲဖြေဖို့ တက်ရောက်ရတဲ့ အနီးကပ် ၁၀ ရက်ကို ၂ ကြိမ်ခွဲတက်ဖ်ု့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေတာ ဖြစ်ပါတယ်။
"ကျောင်းအပ်တဲ့ အချိန်မှာ ပြဌာန်းရမယ့် စာအုပ်တွေ၊ သင်ထောက်ကူတွေ ဒါတွေကို ဘယ်လိုဖတ်ရမယ်၊ ဘယ်လို သင်ယူရမယ် ဆိုတာနားလည်ဖို့ Orientation Teaching ၅ ရက်ကို မေလပိုင်းလောက်မှာ ပေးမယ်၊ ကြားထဲမှာ အလုပ်လုပ်ရင်း ဒါတွေကို သင်ယူနိုင်မယ်၊ ပြီးမှာ အနီးကပ် ၅ ရက် ထပ်သင်မယ်" လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အောက်တိုဘာလ ၁၆ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းမှာပြုလုပ်တဲ့ တက္ကသိုလ်များ ဖွံဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲအပြီး မီဒီယာတွေကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်စာရင်းတွေအရ ဒဂုံအဝေးသင်တက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ် စတဲ့ နိုင်ငံတဝန်းက အဝေးသင်တက္ကသိုလ်တွေမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူ ကျောင်းသား ၅ သိန်းခွဲကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
(၄) ဆီးရီးယားက အမေရိကန်တွေ ပြန်ရုပ်မယ်ဆိုတဲ့ သမ္မထထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်မှုမြင့်တက်
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကနေ အမေရိကန်တပ်ဖွဲ့တွေ ဆုတ်ခွာခိုင်းခဲ့တဲ့ သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို အောက်လွှတ်တော်မှာ လွှတ်တော်အမတ်တွေက တခဲနက် ဆန့်ကျင်မဲ ပေးခဲ့ကြပါတယ်။
"တပ်တွေ ဆုတ်ခွာဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သဘောမတူဘူးဆိုတာကို လူသိရှင်ကြား ကျွန်တော်ပြောထားပါတယ်၊ ဒီလို အမှားအယွင်းကို မလုပ်သင့်ဘူးဆိုတာကိုလည်း ပြောကြပါတယ်၊ သူပြန်လည်ပြီး စဉ်းစားမယ်လို့ မျှော်လင့်ပါတယ်" လို့ ရီပါဘလစ်ကန်လွှတ်တော်အမတ် မစ်ရှ်မက်ကော်နယ်လ်က မဲရလဒ်တွေ ထွက်ပေါ်လာအပြီး မီဒီယာတွေကို ပြောခဲ့ပါတယ်။
သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ပါတီ ၂ ရပ်စလုံးက အမတ်အများစုက ကန့်ကွက်မဲပေးခဲ့ကြတာဖြစ်ပြီး ဒါဟာ ဆီးရီးယားမြောက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ဖို့ တူရကီကို မီးစိမ်းပြလိုက်တယ်ဆိုတာကိုတော့ သမ္မတထရမ့်က ငြင်းဆန်ထားပါတယ်။
တူရကီ-ဆီးရီးယား နယ်စပ်အရေးနဲ့ ပတ်သက်လို့ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာလည်း သမ္မတထရမ့်နဲ့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေကြား အချေအတင် ပြောဆိုမှုတွေရှိခဲ့ပြီး ဒီမိုကရက်အမတ်တစ်ဦးဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီကို 'တတိယတန်းစား နိုင်ငံရေးသမား' လို့ ခေါ်ခဲ့တဲ့အကြောင်း တက်ရောက်သူတွေက ပြောပါတယ်။
ဒါ့အပြင် ဆီးရီးယားမှာ တူရကီက ဝင်ရောက် တိုက်ခိုက်မှုအတွက် သမ္မတထရမ့်မှာ တာဝန်ရှိတယ်လို့ ဝေဖန် ပြောဆိုကြတာကိုလည်း သူက ပယ်ချခဲ့ပါတယ်။