ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီမိုကရေစီရှင်သန်ဖို့ အတ္တပရ ညီမျှအောင်လုပ်ဖို့ အတိုင်ပင်ခံပြောတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းများ
ဒီမိုကရေစီရှင်သန်ဖို့ အတ္တပရ ညီမျှအောင်လုပ်ဖို့ အတိုင်ပင်ခံဆို
ဒီမိုကရေစီ ရှင်သန်ရေးအတွက် ပြည်သူ့အင်အားကို မှန်ကန်ထိရောက်စွာ အသုံးချရာမှာ အတ္တပရ နှစ်ခု ချိန်ခွင်လျှာညီမျှဖို့ အရေးကြီးပြီး ပြည်သူတစ်ဦးချင်းက စတင်ဖို့ လိုတယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့က နေပြည်တော် လွှတ်တော်ဆောင်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံက ပြောခဲ့ပါတယ်။
အခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်ကတော့ "ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ " ဆိုတဲ့ဆောင်ပုဒ်ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီစနစ်ဟာ ကိုယ်ရဖို့စနစ်မဟုတ်ဘဲ ကိုယ့်နိုင်ငံနဲ့ ကမ္ဘာကြီးရဲ့ ဒီမိုကရေစီစနစ်အတွက် ပေးဆပ်သူများ ဖြစ်ဖို့နဲ့ ဒီမိုကရေစီယဉ်ကျေးမှုအဓိပ္ပါယ် မှန်ကန်စွာ ဖော်ဆောင်နိုင်ရေးအတွက် လုပ်ဆောင်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။
မနေ့ကပြုလုပ်တဲ့ အခမ်းအနားမှာတော့ တပ်မတော်က ဖတ်ကြားခဲ့တဲ့ စာတမ်းမှာ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာမှာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ဖို့ အရေးကြီးကြောင်းနဲ့ လူကြားကောင်းရုံ ပရမ်းပတာ ဒီမိုကရေစီမျိုးဖြစ် လို့မရဘူးလို့ စာတမ်းဖတ်ကြားသူ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်က ပြောကြားခဲ့ပါတယ်။
ကျောက်စိမ်းအရိုင်းထည်တွေအပေါ် အခွန် ၁၁ရာခိုင်နှုန်းပဲ ကောက်ခံမယ်
လာမယ့် ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၉ - ၂၀၂၀ ခုနှစ်က စလို့ ကျောက်စိမ်းအရိုင်းထည်တွေကို ၁၁ ရာခိုင်နှုန်းပဲ အခွန်ကောက်ခံတော့မယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။
အခုလက်ရှိအခြေအနေမှာတော့ ကျောက်စိမ်းအရိုင်းထည်တွေကို ရောင်းချတဲ့အခါ ရောင်းချငွေက ၁၅ ရာခိုင်နှုန်း အထိ အခွန်ပေးဆောင်နေရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ကော်မတီအဖွဲ့ဝင် ဦးခင်မောင်မြင့်က " လေးရာခိုင်နှုန်းလျော့သွားပြီဆိုတော့ အများကြီးသက်သာတာပေါ့။ အဲဒါကလည်း ရှေ့ဆက်ပြီးတော့မှ တစ်နှစ်ထက် တစ်နှစ် အခွန်ဥပဒေကို စီမံဘဏ္ဍာနဲ့ ညှိမှ ပြောင်းလို့ရတယ်လေ။ ကျွန်တော်လည်း ရည်မှန်းထားတာ ငါးရာခိုင်နှုန်းလောက်ဖြစ်ပါတယ် " လို့ဆိုပါတယ်။
လက်ရှိ အခွန်ကောက် ဥပဒေအရ ကျောက်စိမ်းအရိုင်းထည်တွေအပေါ် ၁၅ ရာခိုင်နှုန်း အခွန်ကောက်ခံနေတာကို ၁၀ ရာခိုင်နှုန်းလောက်ပဲ ကောက်ခံဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လဲ ဖြစ် အမျိုးသားလွှတ်တော် သတ္တုနဲ့ သယံဇာတ ကော်မတီအဖွဲ့ဝင် ဦးခင်မောင်မြင့်က တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျောက်စိမ်း ထွက်ပေမယ့် အခွန်ကောက်များတဲ့အတွက် ကုန်သည်တွေအနေနဲ့ မြန်မာနိုင်ငံမှာ မရောင်းချပဲ နည်းမျိုးနဲ့ တရုတ်နိုင်ငံဖက် သယ်ယူပြီး အခွန်သက်သာတဲ့ တရုတ်နိုင်ငံထဲ ရောင်းချနေတဲ့အတွက် တရုတ်မှာပဲ ကျောက်စိမ်းဈေးကွက်ကြီး ဖြစ်နေတာလို့လဲ သူက ပြောခဲ့ပါတယ်။
ကျောက်စိမ်းဈေးကွက်ကို အကြောင်းပြုပြီး တရုတ်နိုင်ငံမှာ ကွမ်ကျိုး ကြယ်ရာ ရွှေလီ အပါအဝင် မြို့ကြီး ၆မြို့နယ်တို့ဟာ ဖွံ့ဖြိုးသွားခဲ့ပေမယ့် ကျောက်စိမ်းထွက်တဲ့ ဖားကန့်ဒေသမှာတော့ ကတ္တရာလမ်း ကောင်းကောင်း မရှိသေးပဲ မကြာသေးခင်ကမှ လျှပ်စစ်မီး ရရှိခဲ့တာဖြစ်ပါတယ်။
ကျောက်စိမ်းကျောက်မျက်တွေအပေါ် အခွန်ကောက်ခံတဲ့နှုန်း မြင့်နေတဲ့အတွက် အချို့ကုန်သည်တွေဟာ နေပြည်တော်မှာ ကျင်းပတဲ့ ကျောက်မျက်ပြပွဲတွေမှာ မရောင်းချတော့တဲ့အတွက် တစ်ကြိမ်နဲ့ တစ်ကြိမ် ကျောက်မျက်ရောင်းချတဲ့ အတွဲတွေ လျော့နည်းလာနေတယ်လို့လဲ ကျောက်ကုန်သည်တစ်ချို့က ဆိုပါတယ်။
ဆော်ဒီရေနံချက်စက်ရုံ နှစ်ခု တိုက်ခိုက်ခံရ
စနေနေ့က ဆော်ဒီရေနံချက်စက်ရုံ ၂ ခု တိုက်ခိုက်ခံရပြီးတဲ့နောက် ရေနံအထွက်နှုန်းထိုးကျသွားတဲ့အတွက် ဈေးကွက်ပြန် ဖွင့်ချိန်မှာ ရေနံဈေးတွေ ခုန်တက်သွားခဲ့ပါတယ်။
ရေနံစိမ်းဈေးက ဆယ်ရာခိုင်နှုန်းအထိ အစက ထိုးတက်သွားပြီး အမေရိကန်က သိုလှောင်ထားတဲ့ ရေနံတွေကို လိုလာရင် ထုတ်ပေးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ တွစ်တာ အကောင့်ကနေပြောအပြီးမှာ ဈေးအနည်းငယ် ပြန်ကျခဲ့ပါတယ်။
ဆော်ဒီ အစိုးရကတော့ ရေနံအထွက် မပြတ် တောက်စေရဘူးလို့ အာမခံထားပါတယ်။ ဆုံးရှုံးတဲ့ပမာဏ ၃ ပုံ၁ ပုံကို ဒီကနေ့မှာ ပြန်ထုတ်နိုင်အောင် ကြိုးစားမယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ တိုက်ခိုက်ခံရတဲ့စက်ရုံတွေကို ပြန်လည်ပတ်နိုင်ဖို့ သီတင်းပတ်ချီ ကြာမြင့် နိုင်ပါတယ်။
ဟောင်ကောင်မှာ ရုန်းရင်းဆန်ခတ် ထပ်ဖြစ်
ဟောင်ကောင်မှာတော့ မနေ့ညပိုင်းတုန်းက ဒီမိုကရေစီပိုရရေး တောင်းဆိုသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါ တယ်။
ဆန္ဒပြပွဲတွေဟာ မနေ့နေ့လည်ပိုင်းတည်းက ဖြစ်နေတာပါ။
နေ့လည်ခင်း ဆန္ဒပြပွဲတုန်းကတော့ ဆန္ဒပြသူတွေနဲ့ တရုတ်လိုလားတဲ့သူတွေ ဟောင်ကောင်မြောက်ပိုင်းမှာ အကြမ်းဖက်အသွင်ဆောင် ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
တရုတ်ပြည်မကြီးထံ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ကန့်ကွက်ရာကနေ အစပြုခဲ့တဲ့ ဆန္ဒပြမှုတွေ ဟောင်ကောင်မှာ သီတင်းပတ်တွေနဲ့ချီ ဖြစ်ပွားနေခဲ့ပြီး အကြမ်းဖက် ဆူပူမှုတွေကြောင့် အရေးပါတဲ့ လုပ်ငန်းလည်ပတ်မှု ယန္တရားတွေမှာ အနှောင့်အယှက်တွေ ဖြစ်ခဲ့ရပါတယ်။
၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို တရုတ်အစိုးရလက်ထဲ ယူကေအစိုးရက လွှဲပြောင်းပေးခဲ့ပြီးကတည်းက ချမှတ်ခဲ့တဲ့ ဟောင်ကောင်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
တကယ်လို့ တရုတ်က ဟောင်ကောင်မှာ အရေးပေါ်အခြေအနေ ဒါမှမဟုတ် စစ် မကျေညာမချင်း ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပန်ကြားချက်နဲ့သာ တရုတ်အစိုးရအနေနဲ့ စစ်ရေးအရ ဝင်ရောက် ဆောင်ရွက်ခွင့် ရှိမှာ ဖြစ်ပြီး ဒါကလည်း လူထု ငြိမ်ဝပ်ပိပြားရေး ကိစ္စရပ်နဲ့ ကပ်ဘေးအန္တရာယ် ကယ်ဆယ်ရေး ကိစ္စရပ်တွေအတွက်သာ ဖြစ်ပါတယ်။