မလတ်တောင်မြေပြိုမှု- ရှာတွေ့တာ အနည်းဆုံး ၁၉ လောင်း ရှိနေပြီ

ရေးသားခဲ့သည်။

မွန်ပြည်နယ် မလတ်တောင် မြေပြိုမှုမှာ ကယ်ဆယ်ရေး လုပ်နေသူတွေရဲ့ နောက်ဆုံး ထုတ်ပြန်ချက်တွေအရ သေဆုံးသူ ၁၉ လောင်း ရှာတွေ့ထားပါတယ်။

ဒီအရေအတွက်ဟာ ဩဂုတ်လ ၉ ရက်၊ သောကြာ ညနေ ၆နာရီ မိနစ် ၄ဝ မှာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အတည်ပြုတဲ့ အရေအတွက် ဖြစ်ပါတယ်။

အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်သူ ၂၈ ယောက် ရှိတယ်လို့လည်း ဆိုပါတယ်။

သေဆုံးသူ ပထမဆုံး ၁ဝ ယောက်ကို တွေ့လာရတုန်းက အမျိုးသမီး ၅၊ အမျိုးသား ၅ ဆိုပြီး မွန်ပြည်နယ် အစိုးရက ကနဦး သတင်းထုတ်ပြန်ထားပါတယ်။

ဘယ်နှယောက် ဆက်လက်ပျောက်ဆုံး နေဆဲလဲ ဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ပေါင်မြို့နယ်ထဲက သဲဖြူကုန်း ဆိုတဲ့ ကျေးရွာ၊ သံဖြူရပ်ကွက်မှာ သောကြာမနက် အစောပိုင်းက လူနေအိမ်တွေပေါ် မြေပြိုကျခဲ့တာ ဖြစ်ပါတယ်။

အိမ်ခြေ ၁၁ လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း မြေကြီးတွေ ပိမိသွားတာ ဖြစ်တယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

မိုးသည်းသည်းထန်ထန် ရွာပြီး မလတ်တောင် မြေပြိုတာမှာ ၊ တောင်ခြေက လူနေရပ်ကွက်ပေါ် မြေကြီးတွေ ပိသွားခဲ့တာ ဖြစ်ပါတယ်။

လူနေအိမ်တွေ မြေကြီးအောက် ရောက်သွားပြီး လမ်းတွေလည်း ပိတ်ဆို့ကုန်တဲ့ အတွက် မြေတူးစက်တွေ၊ မြေသယ်ကားတွေ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

မော်လမြိုင်အပါအဝင် မွန်ပြည်နယ် နေရာအနှံ့မှာ မိုးသည်းထန်တဲ့ အတွက် ရေကြီး ရေလျှံတဲ့ ဒဏ် ခံနေရပါတယ်။

ပြည်နယ်မြို့တော် မော်လမြိုင်ပေါ်က ရပ်ကွက်တော်တော်များများမှ ရေကြီးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လှိုင်ရပ်ကွက်၊ သာယာအေး၊ ဇေယျာမြိုင်၊ သီရိမြိုင်၊ ဒေါင်းမင်းရပ် စတဲ့ နေရာတွေမှာ မိုးကြီး ရေလျှံနေတာ ဖြစ်ပါတယ်။

တောင်ကျရေတွေ ရပ်ကွက်တွေထဲ ဝင်နေတာ ဖြစ်ပြီး၊ ခါးလယ်လောက်ထိကို ရေနက်တဲ့ နေရာတွေ ရှိနေတယ်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က ဘီဘီစီကို ပြောပါတယ်။

ပေါင်မြို့နယ် မုတ္တမ နယ်မြေရဲစခန်းနဲ့ မုတ္တမ တိုက်နယ်ဆေးရုံတွေမှာလည်း ရေဝင်နေတာကြောင့် ဆေးရုံက လူနာတွေကို ကယ်ဆယ် ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေါ်ခိုင်ခိုင်လဲ့က ဆိုပါတယ်။

ဘားအံ - မော်လမြိုင် သွားတဲ့ ကားလမ်းတလျှောက်မှာလည်း ရေကျော်နေပြီး ၊ သံလွင်တံတား (မော်လမြိုင်) ခဏပိတ်ခဲ့တဲ့ အထိ ဖြစ်ခဲ့ပေမယ့် အခု အချိန်မှာတော့ ပြန်လည် ဖွင့်ထားလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

သံဖြူဇရပ်နဲ့ ရေးမြို့ကြား ကားလမ်းလည်း ရေကျော်နေတဲ့ အတွက် သွားလာလို့ မရ ဖြစ်နေတယ်လို့ ခရီးသွားတွေက ဆိုပါတယ်။

ဒါ့အပြင် သံဖြူဇရပ်၊ ရေးနဲ့ မွန်ပြည်နယ် အတွင်းက မြို့နယ် တွေမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်နေတာ ကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။