ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထွက်ပြေးလာတဲ့ ရခိုင် မိသားစုကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က ထိန်းသိမ်း
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကနေ မြန်မာနိုင်ငံ မောင်တောမြို့နယ်ထဲကို ဝင်ရောက်ခိုလှုံဖို့ ထွက်ခွာလာတဲ့ ရခိုင်လူမျိုး မိသားစု ၂၈ စုကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က ထိန်းသိမ်းထားပါတယ်။
လုံခြုံရေးကို စိုးရိမ်တဲ့ လူ ၁၀၀ ကျော်လောက်ပါတဲ့ မိသားစု ၃ဝဟာ နယ်စပ်ကို ဖြတ်ကျော်ဖို့ ထွက်ခွာလာရာမှာ ၂ စုပဲ မြန်မာနိုင်ငံထဲကို ရောက်ရှိ လာပါတယ်။
ထွက်ပြေးလာကြတဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ဘင်ဒရိုဘင် ခရိုင် လမားမြို့နယ်က ဂေါ်ဇလီယာရွာ၊ မရှက်ချောင်း၊ ကျုတ်ချောင်းနဲ့ အလယ်ခွာတောင် ဒေသတွေက ရခိုင်မျိုးနွယ်စုဝင်တွေ ဖြစ်ကြပါတယ်။
နေထိုင်ဖို့နဲ့ လုပ်ကိုင် စားသောက်ဖို့ အခက်အခဲရှိလာတဲ့အပြင် မြန်မာနိုင်ငံမှာ နေထိုင်ဖို့ အိုးအိမ်တွေ ပေးနေတာကို သတင်းရတာကြောင့် ထွက်လာတာလို့ ဂေါ်ဇလီ ကျေးရွာသား ဦးကျော်မင်းထွန်းက ပြောပါတယ်။
ထွက်ပြေးလာတဲ့ မိသားစု ၂၈ စုကို ဘိုရော်တိုလီ နယ်စပ် ရဲဇူး ရခိုင်ရွာ နယ်စပ်အနီးမှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်က သွားခွင့်မပေးဘဲ တရားမဝင် နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားမှုနဲ့ ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။
အရင်နှစ်တွေကလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နေထိုင်တဲ့ ရခိုင်မျိုးနွယ်စုတွေဟာ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေက သူတို့ရဲ့ ရပ်တည်နေထိုင်ရေးကို ခြိမ်းခြောက် လာနေတာကြောင့် ရခိုင်ပြည်နယ် နယ်စပ်ဒေသကို ပြောင်းရွှေ့ ဝင်ရောက်နေထိုင်တာတွေ ရှိနေပါတယ်။