ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံတကာ ကြက်ခြေနီ လုပ်ငန်းတွေ အာဖဂန်ထဲ လျှော့ချ
အာဖဂန်နစ္စတန် နိုင်ငံမှာ ထားရှိထားတဲ့ ဝန်ထမ်း အင်အား အရေအတွက်ကို အတော်လေး လျှော့ချမယ် ဆိုပြီး နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC က ပြောပါတယ်။
လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် အခုနှစ်အတွင်း အာဖဂန်နစ္စတန် နိုင်ငံမှာ ICRC ဝန်ထမ်း ၇ ယောက် သေဆုံး ခဲ့ရပြီးတဲ့နောက် အခုလို ဆုံးဖြတ် လာတာ ဖြစ်ပါတယ်။
ICRC ဝန်ထမ်းတွေထဲ သေဆုံး ခဲ့ရသူတွေ ရှိသလို၊ ဖမ်းဆီး ခေါ်ဆောင် သွားတာ ခံခဲ့ရသူတွေလည်း ရှိပါတယ်။
မိုင်မားနားနဲ့ ကွန်ဒုဇ် မြို့တွေမှာ ရှိတဲ့ ရုံးတွေ ပိတ်ပစ်မယ် ဆိုတဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် အာဖဂန်နစ္စတန် မြောက်ပိုင်းမှာ ICRC ရဲ့ ကူညီ ထောက်ပံ့ရေးတွေ ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။
မဇာအီရှရစ်ဖ်မြို့မှာ ထားရှိတဲ့ ICRC ရဲ့ လုပ်ငန်းတွေကိုလည်း လျှော့ချမှာ ဖြစ်တယ်လို့ အာဖဂန်နစ္စတန်ထဲက ICRC အဖွဲ့ရဲ့ အကြီးအကဲ မိုနီကာ ဇာနာရယ်လီက ပြောပါတယ်။
အခုလို့ လျှော့ချတာတွေ လုပ်မှာ ဖြစ်ပေမယ့် ICRC အနေနဲ့ အာဖဂန်နစ္စတန် နိုင်ငံထဲက လုံးဝ ထွက်သွားတာမျိုး လုပ်မှာ မဟုတ်ဘူး ဆိုတဲ့ အချက်ကိုတော့ မစ္စ ဇာနာရယ်လီက အလေးထား ပြောကြား ခဲ့ပါတယ်။